ကျွန်တော်တို့ ဘာတွေလက်လွှတ်ခဲ့ကြရပြီလဲ
အေးမြတဲ့ ဇန်န၀ါရီမနက်ခင်းတစ်ခုမှာပေါ့…
ဝါရှင်တန်ဒီစီရဲ့ မြေအောက်မီးရထားဘူတာ တစ်ခုထဲမှာ လူတစ်ယောက် ထိုင်ပြီး တယောကို စတင်တီးခတ်လိုက်ပါတယ်။
သူဟာ ဘက်စ် (ဂျာမန်ဂီတပညာရှင်) ရဲ့ သံစဉ် ၆ပုဒ်ကို ၄၅ မိနစ်ကြာလောက် တီးနေပါတယ်။ တီးနေတဲ့အချိန်ဟာ လူတွေအားလုံးရဲ့ အလျင်လိုနေတဲ့ ရုံးတက်ချိန် ဖြစ်တာကြောင့် ထောင်နဲ့ချီတဲ့ ရုံးသွားသူတွေဟာ ဘူတာထဲမှာ သွားလာနေကြတယ်ပါတယ်။
သုံးမိနစ်အကြာမှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်က တယောသမားတစ်ယောက် တီးနေတယ်ဆိုတာ စသတိထားမိလာတယ်။ သူက လမ်းလျှောက်တာကို နှေးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ရပ်နေရင်းကနေ ချက်ချင်းပဲ သူ့အချိန်ဇယားအတိုင်း နောက်မကျအောင် အလောတကြီး ထွက်သွားပါတယ်။
နောက်တစ်မိနစ်အကြာမှာတော့ တယောဆရာဟာ သူ့ရဲ့ ပထမဆုံး ၁ဒေါ်လာကို ရလိုက်ပါတယ်။ လမ်းလျှောက်တာကို မရပ်တဲ့ အမျိုးသမီးတစ်ယောက်က ဆက်လျှောက်သွားရင်း ပိုက်ဆံကို ခွက်ထဲကို လှမ်းပစ်ပေးခဲ့တာပါ။
မိနစ်အနည်းငယ် ကြာပြန်တော့ လူတစ်ယောက်က နံရံကိုမှီပြီး သူတီးနေတာကို နားထောင်နေပါတယ်။ ဒါပေမယ့် အဲဒီလူလည်း နာရီကိုကြည့်လိုက်ပြီး ထွက်သွားပြန်ပါတယ်။ သူရုံးနောက်ကျနေပါပြီ။
တယောဆရာကို အာရုံအစိုက်ဆုံးကတော့ ၃ နှစ်အရွယ် ကလေးတစ်ယောက်ပါ။ အမေဖြစ်သူက သူ့ကို သာသာလေး ဆွဲရင်း အလျင်စလို ခေါ်နေပေမယ့် ကလေးက ရပ်ပြီး ကြည့်နေပါတယ်။ နောက်ဆုံး သူ့အမေက ခပ်ဆတ်ဆတ်လေး ဆွဲလိုက်မှ နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ အမေဆွဲခေါ်ရာနောက်ပါသွားပါတယ်။ သူ့လိုမျိုး တခြားကလေး တချို့လည်း ပြုမူကြပေမယ့် သူတို့မိဘတွေက ဆက်လျှောက်ဖို့ ဆွဲခေါ်သွားကြတာ ချည်းပါပဲ။
တယောဆရာတီးနေတဲ့ ၄၅ မိနစ်အတွင်းမှာ စုစုပေါင်း လူခြောက်ယောက်ကပဲ ခဏရပ်ပြီး နားထောင်ကြပါတယ်။ လူအယောက် ၂၀ လောက်က သူ့ကို ပိုက်ဆံပေးပေမယ့် မရပ်ဘဲ သူတို့ လျှောက်နေတဲ့နှုန်းအတိုင်း ဆက်လျှောက်သွားကြတာပါပဲ။
သူ ၃၂ ဒေါ်လာ လောက်ရလိုက်ပါတယ်။ သူတီးတာကို အဆုံးသတ်လိုက်တဲ့ အချိန်မှာတော့ တိတ်ဆိတ်မှုကသာ ကြီးစိုးသွားပြီး ဘယ်သူကမှ သတိမထားမိသလို ဘယ်သူကမှ လက်ခုပ်တီးပြီး အသိအမှတ်တောင် မပြုခဲ့ကြပါဘူး။
လူတွေ မသိလိုက်တဲ့အချက်ကတော့ အဲဒီတယောဆရာဟာ ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Joshua Bell ဖြစ်တယ် ဆိုတာပါပဲ။ သူဟာ ဒေါ်လာ၃.၅သန်းတန် အင်မတန်အနုစိတ်ပညာသားပါတဲ့ တယောသံစဉ်ကို တီးခဲ့သူတစ်ယောက်ပါ။
မြေအောက်ရထားဘူတာမှာ မတီးခင် နှစ်ရက်အလိုတုန်းက ဘော့စတန်က ပြဇာတ်ရုံထဲမှာ လုပ်ခဲ့တဲ့ သူ့ရဲ့ပွဲဟာ လက်မှတ်အကုန်ကုန်ခဲ့ပြီး ခုံတွေရဲ့ ဈေးနှုန်းဟာပျမ်းမျှ ဒေါ်လာ ၁၀၀ လောက် ရှိပါတယ်။
ဒါတကယ့်အဖြစ်အပျက် တစ်ခုပါ။ လူတွေရဲ့ ရှုမြင်ပုံ၊ အကြိုက် နဲ့ ဦးစားပေးမှုတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့အတွက် ဝါရှင်တန်ပို့စ်က Joshua Bell ကို မြေအောင်မီးရထားဘူတာထဲမှာ ရုပ်ဖျက်ပြီး တယောတီးဖို့ကို စီစဉ်ခဲ့တာပါ။
အနှစ်ချုပ်ပြောချင်တာကတော့ "သာမာန်နေရာတစ်ခုမှာ၊ မသင့်တော်တဲ့အချိန်မှာ လူတွေဟာ အလှတရားတွေကို သတိပြုမိကြရဲ့လား? အဲဒါကို အသိအမှတ်ပြုခံစားဖို့ အချိန်ယူ ရပ်တန့်ကြရဲ့လား? မျှော်လင့်မထားတဲ့ အရာတွေဆီက ထူးခြားတဲ့ အရည်အသွေးတွေကိုရော သတိထားမိကြရဲ့လား?"
ဒီအတွေ့အကြုံကနေ ကောက်ချက်ချနိုင်တာတွေထဲက တစ်ခုကတော့ ~ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တစ်ယောက်ရဲ့ ကမ္ဘာ့အကောင်းဆုံးသံစဉ်တွေကို တီးခတ်နေတာကို ရပ်ပြီးနားထောင် ခံစားဖို့ အချိန်အခိုက်အတန့်လေးတောင် ကိုယ်တွေမှာ မရှိဘူးဆိုမှတော့…ကျွန်တော်တို့တတွေ ဘာတွေကိုများ ဘယ်လောက်တောင် လက်လွတ်ခဲ့ကြရပြီလဲ…?
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home